လူကြီးမိဘတွေကို ဘယ်လိုလေ့ကျင့်ခန်းမျိုးတွေ လုပ်ခိုင်းကြမလဲ
လေ့ကျင့်ခန်းဆိုတာ လူငယ်၊ လူကြီးမရွေး နေ့စဉ်လုပ်သင့်တဲ့ ကျန်းမာရေးအလေ့အကျင့်တစ်ခုဖြစ်ပြီး ရုပ်ခန္ဓာအတွက်တင်မကဘဲ စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးကျေးဇူးများစွာ ရှိစေနိုင်ပါတယ်။ လူငယ်တွေမှာတော့ Gym သွားရင်း အလေးမ မလား၊ ဝါသနာပါတဲ့ အားကစားတစ်ခုခုကိုပဲ ပုံမှန်ဆော့မလား ရွေးချယ်စရာတွေ များတယ်ဆိုပေမယ့် လူကြီးပိုင်းအရွယ်မှာတော့
- အသက်အရွယ်
- ကြွက်သားထု နည်းသွားခြင်း
- အရိုးအဆစ်များ အားနည်းပြီး ပါးလာခြင်း
- သက်လုံမကောင်းတော့ဘဲ အမောမခံနိုင်တော့တာခြင်း
- အလေးအပင် မမနိုင်တော့ခြင်း
- သွားလာလှုပ်ရှားမှု နှေးကွေးသွားခြင်း
- လက်ဆုပ်လက်ကိုင် အားလျော့လာခြင်း
- ကျန်းမာရေးပြဿနာများ ရှိလာခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် သေချာလေး ရွေးချယ်ဖို့ လိုအပ်လာပါတယ်။
ဒါကြောင့် လူကြီးတွေအတွက် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ပေးတော့မယ်ဆိုရင် မိသားစုဝင်တွေအနေနဲ့ ဒီအချက်တွေကို သေချာဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
၁။ နည်းပြဆရာဖြင့် စနစ်တကျ လေ့ကျင့်စေခြင်း
Gym မှာ သွားဆော့ရင်တော့ နည်းစနစ်မှန်မှန်နဲ့ လိုချင်တဲ့ အနေအထား၊ ပန်းတိုင်ရောက်ဖို့ဆိုတာ နည်းပြဆရာနဲ့ စနစ်တကျဆော့ကစားတာ အကောင်းဆုံးပါပဲ။ အထူးသဖြင့် လူကြီးပိုင်းတွေမှာ မလိုလားအပ်တဲ့ မတော်တဆမှုတွေနဲ့ ကျန်းမာရေးပြဿနာတွေ၊ ထိခိုက်မှုတွေ မဖြစ်အောင်လို့ အနီးကပ်စောင့်ရှောက်ကြပ်မတ်ပေးနိုင်သလို နည်းမှန်လမ်းမှန်နဲ့ လေ့ကျင့်ခန်းလုပ်နိုင်အောင်လို့လည်း ကူညီပေးပါတယ်။
၂။ အကြောလျှော့ပေးခြင်း
လူကြီးအရွယ်မှာ အကြောင်းအမျိုးမျိုးကြောင့် သွားလာလှုပ်ရှားမှုနည်းပြီး အထိုင်များသွားတဲ့အတွက် အရိုးအဆစ်နဲ့ ကြွက်သားတွေက တင်းမာသွားပြီး သေချာအကြောလျှော့ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင် Gym မှာ နည်းပြဆရာကိုယ်တိုင်က အကြောလျှော့ပေးလို့ရသလို အွန်လိုင်းကနေလည်း အကြောလျှော့လေ့ကျင့်ခန်း Video တွေကို ကြည့်ရှုလေ့လာနိုင်ပါတယ်။
၃။ ယောဂလေ့ကျင့်ခန်း
ယောဂကို မြန်မာနိုင်ငံမှာ လူကြိုက်နည်းတယ်ဆိုပေမယ့် တကယ်တမ်း ကျား၊ မ အသက်အရွယ်မရွေး လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းအမျိုးအစားတစ်ခုပါပဲ။ ယောဂဆိုတာ အလေးအပင်တွေမလိုအပ်သလို ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သား၊ အရိုးအဆစ်တွေကို ပြေလျော့စေပြီး နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေနိုင်တယ်။ စိတ်ကြည်လင်လန်းဆန်းစေပြီး ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်အောင် ကူညီပေးနိုင်ပါတယ်။
၄။ အေရိုးဗစ်လေ့ကျင့်ခန်း
အလှအပအတွက်မဟုတ်ဘဲ ကျန်းမာရေးနဲ့ ကိုယ်လက်လှုပ်ရှားမှုအတွက် ပေါ့ပေါ့ပါးပါး လုပ်ပေးရတဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ အဓိက နှလုံးနဲ့ အဆုတ်အားကောင်းပြီး အသက်ရှူနှုန်း ပုံမှန်ဖြစ်စေတယ်။ သွေးလည်ပတ်စီးဆင်းနှုန်းကိုလည်း ကောင်းစေလို့ သွေးကြောနဲ့ ဆက်စပ်ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
လူကြီးတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ
၁။ ကိုယ့်ရဲ့ Limit ကို သိဖို့လိုအပ်ပါတယ်။ ကိုယ်က နာရီဝက်ပဲနိုင်ရင် နာရီဝက်ပဲ လုပ်ပါ။
၂။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပေးနိုင်ရင် ပိုကောင်းပေမယ့် တစ်ပတ်ကို ၄ - ၅ ရက်လောက် ပုံမှန်လုပ်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။
၃။ ရေဘူးတစ်ဘူးနဲ့ မျက်နှာသုတ်ပဝါကို ကိုယ်နဲ့မကွာဆောင်ထားပေးပါ။
၄။ ရေဓာတ်ခန်းခြောက်မှုမဖြစ်စေဖို့ ရေအမြဲသောက်ပေးပါ။
၅။ မနက်အစောပိုင်း လူ၊ ကားရှင်းတဲ့အချိန်တွေမှာ လေကောင်းလေသန့်ရှူရှိုက်ရင်း လေ့ကျင့်ခန်းလုပ်တာ ပိုအကျိုးထူးပါတယ်။
၆။ လူသွားပလက်ဖောင်းပေါ်မှာ လေ့ကျင့်ခန်းလုပ်ဖို့နဲ့ ဘေးဘီကို အမြဲကြည့်ပြီး ကား၊ ယာဉ်တွေကို သတိထားပါ။
၇။ အိမ်ပြန်ရောက်တဲ့အခါ ချွေးအရင်ခြောက်မှ ရေချိုးတာလုပ်ပေးပါ။
ရဲမျိုးမြတ်